သည်းခြေအိတ်အကြောင်း သင်သိပြီးပြီလား
အသည်းနဲ့ ပတ်သက်ရင် တော်တော်များများက ကြားဖူးသိဖူးကြပေမယ့် သည်းခြေအိတ်ကိုတော့ ရှိမှန်းတောင် မသိတဲ့သူ တော်တော်များမယ်ထင်ပါတယ်။ ဒီတော့ သည်းခြေအိတ်က အသည်းလိုပဲ အရေးကြီးသလား၊ သူ့ရဲ့လုပ်ငန်းတွေက ဘာတွေလဲ ဆိုတာ ပြောပြပေးမယ်နော်။
သည်းခြေအိတ်ရဲ့ တည်နေရာ....
သည်းခြေအိတ်ဆိုတာ အသည်းရဲ့ အောက်ခြေမှာရှိတဲ့ အိတ်ကလေးတစ်ခုဖြစ်ပြီး သည်းခြေပြွန်၊ အသည်းနဲ့ အူသိမ်တို့နဲ့ ဆက်စပ်နေပါတယ်။ အရွယ်အစားကတော့ ၃လက်မကနေ ၄လက်မအထိ အရှည်ရှိပြီး ၂လက်မခန့် အကျယ်ရှိပါတယ်။
သည်းခြေအိတ်ရဲ့ လုပ်ငန်းတွေက
- သည်းခြေရည် (Biles) တွေကို အသည်းထဲမှာ ထုတ်လုပ်ပြီးတဲ့အခါ သည်းခြေပြွန်ကတဆင့် သည်းခြေအိတ်ထဲကို ပို့ပေးပြီး သိမ်းဆည်းထားတာပါ။ အစာမစားခင် အချိန်ဆို သည်းခြေအိတ်က ပြည့်ဖောင်းနေပါလိမ့်မယ်။
- သည်းခြေအိတ်ရဲ့ မျက်နှာပြင်မှာရှိတဲ့ ဆဲလ်တွေက Iron နဲ့ ရေကို စုပ်ယူပေးပါတယ်။
- အစာကို မျိုချပြီးလို့ နာရီဝက်လောက် ကြာတဲ့အခါ သည်းခြေအိတ်ထဲက သည်းခြေရည်တွေကို အူသိမ်ထဲကို ထုတ်ပေးပါတယ်။ အူသိမ်ထဲရောက်သွားတဲ့ သည်းခြေရည်တွေဟာ တဝက်တပျက်ခြေထားတဲ့ အစာတွေနဲ့ရောသွားပြီး အစာထဲမှာပါတဲ့ အဆီတွေကို အမှုန်အမွှားလေးတွေ ဖြစ်တဲ့အထိ ခြေဖျက်ပေးပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ထိုအဆီတွေကိုလည်း စုပ်ယူပေးပါတယ်။
သည်းခြေအိတ်က မရှိမဖြစ်လား??
မဟုတ်ပါဘူး။ သည်းခြေအိတ်ဟာ အသည်း၊ နှလုံး၊ ဦးနှောက်၊ ကျောက်ကပ်တို့လို ခန္ဓာကိုယ်အတွက် မရှိမဖြစ် ကိုယ်အင်္ဂါတစ်ခု မဟုတ်ပါဘူး။ လူတစ်ယောက်ဟာ သည်းခြေအိတ် မရှိလည်းဘဲ ပုံမှန်လိုပဲ သက်တမ်းစေ့ နေသွားနိုင်ပါတယ်။သည်းခြေအိတ်မရှိတဲ့အခါ အသည်းထဲက သည်းခြေရည်တွေကို သည်းခြေအိတ်ထဲ ပို့စရာမလိုဘဲ အူသိမ်ထဲကို တိုက်ရိုက်ပို့ပေးပြီး အဆီတွေကို ခြေဖျက်ပေးပါလိမ့်မယ်။
ဘယ်လိုအခြေအနေမှာ သည်းခြေအိတ်ကို ထုတ်ပစ်ရနိုင်မလဲ??
သည်းခြေကျောက်တည်ပြီး အောင့်နေမယ်၊ အသားဝါ၊ ဆီးဝါမယ်၊ ပျို့အန်မယ်၊ ဖျားမယ် စတဲ့ သည်းခြေကျောက်က သည်းခြေပြွန်နဲ့ သည်းခြေအိတ်ကြားမှာ ပိတ်ဆို့နေတဲ့ လက္ခဏာတွေ ဖြစ်လာရင် ခွဲစိတ်ကုသပြီး သည်းခြေအိတ်ကို ထုတ်ပစ်ဖို့ လိုအပ်ပါတယ်။
သည်းခြေအိတ် ကျောက်တည်တဲ့ အကြောင်းကိုတော့ နောက်တစ်ခါကျ ပြောပြပေးသွားပါ့မယ်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် website လေးကို share ပေး၊ mention ပေးခဲ့ကြပါဦးနော်။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ရင်ရွှေရည်